၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊အက၊အရေးအတီးပြိုင်ပွဲ ခရိုင်အဆင့် ကျင်းပပြုလုပ်သွားမည်ဖြစ်

လားရှိုး ဇူလိုင်၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမ၌ ၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊အက၊အရေးအတီးပြိုင်ပွဲ ခရိုင်အဆင့်ကို စက်တင်ဘာလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်ရမည့် အဆင့်သတ်မှတ်ချက်များအနေဖြင့် ဝါသနာရှင်အဆင့်၊အဆင့်မြင့်ပညာအဆင့်တို့ ပါဝင်မည်ဖြစ်ပြီး အဆိုပြိုင်ပွဲ အမျိုးသား/အမျိုးသမီး၊အကပြိုင်ပွဲ၊ရုပ်စုံပြိုင်ပွဲ၊ကွက်စိတ်ပြိုင်ပွဲနှင့် အရေးပြိုင်ပွဲ အမျိုးသားအမျိုးသမီးပါဝင်ကာ အတီးပြိုင်ပွဲတွင်လည်း စောင်း၊ ပတ္တလား၊ စန္ဒရား၊ ဆိုင်းဝိုင်း၊ တယော၊ မယ်ဒလင်၊ ဂီတာ၊ ဒုံမင်း၊ နှဲ၊ ပလွေ၊ ဆိုင်းဝိုင်းကြီး၊ အိုးစည်၊ ဒိုးပတ်ပြိုင်ပွဲများပါဝင်မည်ဖြစ်သည်။

ပြိုင်ပွဲဝင်ကြမည့် ခရိုင်အဆင့်ဝါသနာရှင်များအနေဖြင့် ပြိုင်ပွဲဝင်စာရင်းကို ဩဂုတ်လကုန်အထိ ပေးသွင်းနိုင်ပြီး ပြိုင်ပွဲဝင်ရမည့်ဘာသာရပ်အလိုက် လေ့ကျင့်ရမည့် (DVD)ခွေများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊အက၊အရေးအတီးပြိုင်ပွဲ၏ ရည်ရွယ်ချက်များအနေဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဟူသည့် ဦးတည်ချက်များနှင့် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက် နေကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံကသိရသည်။

ဟန်ဌေး(လားရှိုး)