ဆီဆိုင်မြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ပလပ်စတစ်ကင်းစင်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ဆီဆိုင် ဇူလိုင် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊  ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ပလပ်စတစ်ကင်းစင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့် နောက်ဆက်တွဲအန္တရာယ်များ၊ မူးယစ်ဆေးဝါးကြောင့် ပျက်စီးဆုံးရှုံးသွားသောဘဝများ၊ မူးယစ်ဆေး ဝါးသုံးစွဲခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ထိခိုက်နစ်နာမှုများကိုလည်းကောင်း၊ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်များမောင်းနှင်ရာတွင် သိရှိလိုက်နာရမည့်အချက်များ၊ ယာဉ်များအသုံးပြုရာတွင် ပေါ့ဆစွာ အသုံးပြုခြင်းကြောင့် စက္ကန့်ပိုင်းအတွင်း ဆုံးရှုံးသွားနိုင်သော အသက်အန္တရာယ်များ၊  လမ်းအသုံးပြုခြင်းနှင့် ပတ်သက်၍ လိုက်နာသင့်သည့်အချက်များ စသည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်အား ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ရေး အသိပညာပေးခြင်းကိုလည်းကောင်း၊ ပလပ်စတစ်အမှိုက်များ ကင်းစင်ရေးစသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း  သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ဖတ်ကြားထားသည့် ဧည့်သည်တော်များ၊  ဆီဆိုင်မြို့နယ် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(ဆိုက်ခေါင်)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူ(၁၆၂)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)