သိန္နီမြို့နယ်တွင် ရှမ်းခေါက်ဆွဲ တစ်နိုင်တစ်ပိုင်ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

သိန္နီ ဇူလိုင် ၂၈

ရှမ်းခေါက်ဆွဲကို ရှမ်းပြည်နယ်အတွင်း၌သာမကမြန်မာနိုင်ငံ၏ မြို့ကြီးများရှိ စားသောက်ဆိုင်များတွင် ရိုးရာအစားအစာအဖြစ် ရောင်းချလျက်ရှိရာ ရှမ်းခေါက်ဆွဲကိုရေရှည်စားသုံးရန်အတွက် ရှမ်းခေါက်ဆွဲအခြောက်နှင့် အစိုနှစ်မျိုးပြုလုပ်ပြီး ရောင်းချလျက်ရှိရာတွင်ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ဟိုနားကျေးရွာတွင် ရှမ်းခေါက်ဆွဲတစ်နိုင်တစ်ပိုင်ပြုလုပ် ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

သိန္နီမြို့နယ် ဟိုနားကျေးရွာနေ ဦးစိုင်းပန်းလူ မိသားစုသည် လွန်ခဲ့သောနှစ်ပေါင်း (၅၀)မှစ၍ ရှမ်း ခေါက်ဆွဲကို စတင်လုပ်ကိုင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရှမ်းခေါက်ဆွဲ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်းသိရသည်။ “ရှမ်းခေါက်ဆွဲပြုလုပ်ရာတွင် ရှမ်းဆန်ကို ရေစိမ်ပြီး အမုန့်ကြိတ်၍ ရရှိ သော အမှုန့်များကိုပြန်လည်၍ ရေနွေးငွေ့ဖြင့်ပေါင်းခံကာ ရရှိရသော အမှုန့်များကို ပိတ်စဖြင့် ရေစစ် ရကြောင်း၊ ရေစစ်ပြီးနောက် စက်ဖြင့်ထောင်ကာ အချပ်အပြားများကို နေလှန်း၍ တစ်ညအအေးခံကာ ခေါက်ဆွဲအမျှင်များ ပြုလုပ်ရကြောင်း” ရှမ်းခေါက်ဆွဲပြုလုပ်သူ ဦးစိုင်းပန်းလူထံမှ သိရသည်။

“နေ့စဉ် ရှမ်းဆန် ပြီ (၃၀)ပြုလုပ်ခြင်းဖြင့် ရှမ်းခေါက်ဆွဲပိဿာ (၆၀)ပြုလုပ်ရကြောင်း၊ ရှမ်းခေါက်ဆွဲ တစ်ပိဿာကို ငွေကျပ် (၂၀၀၀)ဖြင့်ရောင်းချရကြောင်း၊ နေ့စဉ် ကျပ်တစ်သိန်းနှစ်သောင်းဖိုးခန့် ရောင်းချ လျက်ရှိကြောင်း” ဦးစိုင်းပန်းလူ ထံမှသိရသည်။

စောဥမ္မာ(သိန္နီ)