ပင်းတယမြို့၊ အော်ယောဘုန်းတော်ကြီးကျောင်း ပရိဝုဏ်အတွင်း ဘိလပ်မြေကွန်ကရစ်ခင်းခြင်း ကိုယ့်အားကိုယ်ကိုးဆောင်ရွက်

ပင်းတယ ဇူလိုင် ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ အော်ယောဘုန်းတော်ကြီးကျောင်း၊ ပေ ၃၀၀ ပတ်လည် ဝန်းကျင်ရှိ ကျောင်းပရိဝုဏ်အတွင်း ဘိလပ်မြေ ကွန်ကရစ်ခင်းခြင်းအား အော်ယောဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်မှ ဦးဆောင်၍ ရပ်ကွက်နေပြည်သူများမှ ထည့်ဝင်လှူဒါန်းမှုဖြင့် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ခြင်းအား ဇူလိုင်လ၂၄ရက်နေ့မှ စတင်ခဲ့ပြီး၊ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်ငွေ ၇၀၀၀ ဖြင့် ဘိလပ်မြေ အိတ် ၆၀၀ အား ကျပ်ငွေ ၄၂ သိန်း၊  သဲကားစီး ၁၂ စီးအတွက် ငွေကျပ် ၁၂ သိန်း၊ စုစုပေါင်း လက်ရှိ ကုန်ကျငွေ ၅၄ သိန်းဖြင့် ရပ်ကွက်နေ ပြည်သူများက ထည့်ဝင်လှူဒါန်းမှုဖြင့် ငွေအင်အား၊ လူအင်အားပါဝင်ကုသိုလ်ပြု ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်း ပရိဝုဏ်အတွင်း ဘိလပ်မြေကွန်ကရစ်ခင်းခြင်းအား လှူဒါန်းရရှိငွေများဖြင့် ရာနှုန်းပြည့်ပြီးစီးအောင် ဆက်လက်ဆောင်ရွက် ခင်းကျင်းပေးသွားမည်ဖြစ်၍ ကျပ်ငွေ သိန်း (၁၀၀) ဝန်းကျင် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

အေးအေးလတ်