ကျောက်ဆည် ဇူလိုင် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံရေး မြေပဲ၊ နှမ်း၊ နေကြာစသည့် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒေသနှင့်ကိုက်ညီသော ရေဆင်း(၁၁)မြေပဲမျိုးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြေပဲသီးနှံစိုက်ပျိုးမည်ဆိုပါက တစ်ဧက မြေပဲအတောင့်(၆)တင်း အသုံးပြုရကြောင်း ကုန်ကျစရိတ် အနေဖြင့် မျိုးစေ့ကုန်ကျငွေ (၁၇၅၀၀၀)ကျပ်၊ မြေပြင်ထွန်၊ ထယ်စရိတ်၊ မြေခံမြေဆီ၊ ပိုးမွှားနှိမ်နင်း ကာကွယ်ဆေး၊ ပေါင်းရှင်းခကုန်ကျငွေ(၁၃၁၀၀၀)ကျပ်ခန့် ကုန်ကျပြီး မြေအမျိုးအစား၊ ရာသီဥတုနှင့် အပင်အပြုအစုအပေါ်မူတည်ပြီး တစ်ဧက(၄၄)တင်းမှ (၅၁)တင်းအထိထွက်ရှိကြောင်း ရောင်းဈေး အနေဖြင့် မြေပဲတစ်တင်းလျင် ငွေကျပ်(၂၅၀၀၀)ဖြင့် ရောင်းချရသဖြင့် မြေပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ကင်းကျေးရွာမှ မြေပဲစိုက်တောင်သူဦးကံသိန်းက ပြောပြသည်။
ကျောက်ဆည်မြို့နယ်တွင် မြေပဲသီးနှံများကို ဒါန်းတိုင်-ပန်းခွာ-ကျီးပြ ကျေးရွာအုပ်စုများတွင် (၉၈) ဧက၊ ရဲယမန်းကျေးရွာ အုပ်စုတွင်(၁၆၂)ဧက၊ တောင်တော်- ကင်းကျေးရွာအုပ်စုများတွင်(၂၀)ဧက၊ စုစုပေါင်း(၂၈၀)ဧက စိုက်ပျိုးထားရှိ ကြောင်းနှင့် စိုက်ခင်းများအောင်မြင်စေရေး စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးလျက်ရှိပြီး နည်းပညာများ ကူညီပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)