တာချီလိတ် ဇူလိုင် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ မြို့ပတ်လမ်းပေါ်ရှိ ပီဇာဆိုင် အခန်းတစ်ခုအတွင်းရှိ အောက်ခင်းကြွေပြားများနှင့်နံရံများ ရုတ်တရတ် အပူချိန်ပြင်းလာသဖြင့် စစ်ဆေးရန်အတွက် မြေကြီးတွင်းတူးကြည့်ရာ တွင်းထဲမှ အငွေ့များထွက်လာသဖြင့် ဘူမိဗေဒနှင့် ဓာတ်သတ္ထုလေ့လာရေးဌာနမှ တာဝန်ရှိသူများ ယမန်နေ့ ညနေပိုင်းက လာရောက်စစ်ဆေးပြီး မြေကြီးအားဓာတ်ခွဲစစ်ဆေးရန် နေပြည်တော်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
“ငလျင်တွေလှုပ်တာကြောင့် မြေကြီးအောက်မှာရှိတဲ့ ကျောက်ပြားတွေပွတ်တိုက်မှုကြောင့် ပူလာတာလည်း ဖြစ်နိုင်တယ်။ အခုပူတဲ့ မြေကြီးရဲ့အောက် အနက် ၇ ပေ၊ ၈ ပေအထိ နက်အောက်တူးပြီး မြေကြီးကို ဓာတ်ခွဲခန်းကိုပို့ပြီး စမ်းသပ်ရမယ်” ဟု ကျိုင်းတုံမြို့ ဘူမိဗေဒနှင့် ဓာတ်သတ္တုလေ့လာရေးဌာနမှ လာရောက်စစ်ဆေးသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက် အနောက်မြို့ပတ်လမ်းပေါ်ရှိ HH Pizza ဆိုင်အတွင်း အောက်ကြမ်းခင်း ကြွေပြားများမှာ ဇူလိုင်လ ၂၆ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်မှစတင်၍ အလွန်အမင်းပူလာကြောင်း သတင်းပေးပို့ချက်အရ တာဝန်ရှိသူများက အပူချိန်တိုင်းတာ စစ်ဆေးခဲ့ရာ ၁၁၅ ဒီဂရီစင်တီဂရိတ်ရှိနေသဖြင့် အခြေအနေသိရှိနိုင်ရန် မြေတွင်းတူးကြည့်ရာမှ အငွေ့ထွက်လာခြင်းဖြစ်သည်။ အဆိုပါအခန်းတွင်း ၎င်းနေရာတွင်သာ ပူပြင်းနေပြီး ဘေးဘက်ရှိ တိုက်ခန်းတွဲများမှာ အပူချိန်မရှိကြောင်းနှင့် ယမန်နေ့ည တစ်ညလုံး ၎င်းအခန်းအား လျှပ်စစ်မီးဖြတ် တောက်ထားသော်လည်း ယနေ့နံနက်ပိုင်းအထိ ဆက်လက်ပူနေသေးကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)