မိုးညှင်း ဇူလိုင် ၂၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်အတွင်းသို့ ပထမဆုံးအကြိမ် အနေဖြင့် အလှူရှင်တစ်ဦးမှ ဇီဝိတဒါနအလှူအဖြစ် ငါးသားပေါက်အကောင်ရေ (၂)သိန်းကို ဇူလိုင်လ နောက်ဆုံးပတ် ပထမရက်တွင် လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးသားပေါက်အကောင်ရေများ လွှတ်ပေးရာတွင် သဘာဝဘေးမဲ့တောဖြစ်သည့် အင်းတော်ကြီးအိုင် အတွင်း၌ ငါးသယံဇာတများပေါကြွယ်ဝပြီး ငါးမျိုးစိတ်များပြုန်းတီးမှု မဖြစ်ပေါ် စေရန်အတွက် ရည်ရွယ်၍ အလှူရှင်ဖြစ်သည့် မန္တလေးမြို့ စက်မှု(၁)ရပ်ကွက်နေ ဦးစိုးမိုးအောင်နှင့် ဇနီးဒေါ်နန်းခမ်းလောဝ်မိသားစုများမှ ငါးမြစ်ချင်းအကောင်ရေ (၁)သိန်းနှင့် ငါးခုံးမအကောင်ရေ (၁)သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၂)သိန်းကို လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ၎င်းအလှူရှင်မိသားစု သည် ရွှေမဉ္ဇူဘုန်းတော်ကြီးကျောင်း ဆောင်သစ်အတွက် အလှူတော်ငွေကျပ် သိန်း(၅၀၀) လှူဒါန်းခဲ့သည့်အပြင် ရွှေမဉ္ဇူရေလည်ဘုရားပါတ်လမ်း အတွက် ကျောက်ပြားလှူဒါန်းသွားမည်ဖြစ်ကြောင်း ရွှေမဉ္ဇူရေလည်ဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးထံမှ သိရ သည်။
အင်းတော်ကြီးအိုင်အတွင်းသို့ ငါးမျိုးစိတ်များ ထည့်သွင်းခြင်းမှာ ငါးလုပ်ငန်းဦးစီးဌာနမှ ထည့်သွင်း ခြင်းသာ ရှိခဲ့ပြီး ယခုအခါတွင် အလှူရှင်များအနေဖြင့် အဆိုပါငါးသားပေါက်များ လှူဒါန်းခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ် ကြောင်းနှင့် အင်းတော်ကြီးအိုင်တွင် ငါးမျိုးစိတ်ပေါင်း (၉၃)မျိုးရှိကြောင်း သိရ သည်။
ဇွဲသူရအောင်(ပြန်/ဆက်)