ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်း (အခမဲ့) သင်တန်းဖွင့်လှစ်

ကျောက်ဆည် ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးများ အသင်း(Women Club) နှင့်ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်း(အခမဲ့သင်တန်းဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ကိုင်လိုသူများ အသင့်ပြုလုပ်နိုင်သည့် ဆပ်ပြာဆီများကို ကိုယ်တိုင်ပြုလုပ်ခြင်းအားဖြင့် မိသားစုအပိုဝင်ငွေရရှိရေး၊ အရင်းအနှီး နည်းနည်းဖြင့် အကျိုးဖြစ်ထွန်းစေသည့် လုပ်ငန်းဖြစ်သောကြောင့် မိမိတို့ကိုယ်တိုင် ပြုလုပ်သွားကြစေလိုကြောင်း၊  အားလပ်ချိန်တွင် အတတ်ပညာတစ်ခု သင်ယူတတ်မြောက်စေရန် ရည်ရွယ်ချက်များဖြင့် ဒုတိယအကြိမ် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ညောင်ရွှေကျေးရွာမှ သင်တန်းနည်းပြဆရာမဒေါ်မေမြတ်နိုးက ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းအဆင့်ဆင့်ကို စာတွေ့လက်တွေ့ ရှင်းလင်းပြသပေးခဲ့ကြောင်းနှင့်သင်တန်းသို့ စိတ်ပါဝင်စားသည့် သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ပြီး ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းနှင့် ပါဝင်သော ပစ္စည်းများကို အချိုးကျရောစပ်ကာ ကိုယ်တိုင်လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်မောင်