ရန်ကုန် စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များကို ပြည်သူများ စနစ်တကျ လိုက်နာစေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်က ဒလမြို့နယ် သင်္ဘောဆိပ်ကမ်း၌ အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ခရီးသွားမိဘပြည်သူများကို နှာခေါင်းစည်း ၇၀၀၀ ကို ပေးဝေခဲ့ကြသည်။
ဒလမြို့နယ်၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလ အတွင်း၌ နေ့စဉ် ည ၁၂ နာရီ မှ နံနက် ၄ နာရီအတွင်း မြို့နယ်အတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ စုဝေးခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ထားရှိရာ စက်တင်ဘာလ ၂ ရက်နေ့ မှ ၉ ရက်နေ့အထိ ဒေသန္တအမိန့်အား စည်းကမ်း ဖောက်ဖျက်သူ ကျား ၁၄ ဦး နှင့် မ ၁ ဦး၊ စုစုပေါင်း ၁၅ ဦးကို အလုပ်မဲ့ထောင်ဒဏ် ၁ လ စီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အရေးယူဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ထို့အတူ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ကြေညာမှုတွင် ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့အထိ ဒလမြို့နယ်အတွင်း ပိုးတွေ့ရှိသူ စုစုပေါင်း ၅ ဦးအထိရှိလာခဲ့ပြီး၊ ရောဂါကူးစက် ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီမှ ဦးဆောင်၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)