ပျဉ်းမနား ဇူလိုင် ၂၈
ပြည်ထောင်းစုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ယောက်သွားအင်းကျေးရွာအုပ်စု၊ ကြံဖိုစု ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့်ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား ကျေးရွာလူထုသို့ ချပြရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲတွင် အဆိုပါကျေးရွာ လူထုဗဟိုပြုခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အနေဖြင့် ကျေးလက်နေဒေသခံပြသူများ၏ လူမူစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အကောင်အထည်ဖေါ်ဆောင်ရွက်နေလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးစေရေး အတွက် စိုက်ပျိုးရေးထွက်ကုန်များတိုးတက်စေရေးနှင့် အထွက်နှုန်းကောင်းမွန် စေရေးတို့ကို အလေးထားဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနအနေဖြင့်လည်း မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများထောက်ပံ့နိုင်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းနှင့်အတူ မွေးမြူ ရေးလုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်နိုင်သည်အထိ ကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နေခြည် ဇာဝေက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့်ဆောင်ရွက်သည့် ကျေးရွာတွင်း လမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ကျေးရွာကော်မတီ ဥက္ကဋ္ဌ ဦးဝင်းဆန်းက စီမံကိန်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် ကျေးရွာလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ပျဉ်းမနားမြို့နယ်၊ ယောက်သွားအင်းကျေးရွာအုပ်စု၊ ကြံဖိုစု ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ရံပုံငွေ သိန်း(၁၀၀)နှင့် ကျေးရွာပြည်သူလူထုမှ ထည့်ဝင်ငွေ (၂၆)သိန်းကျော် စုစုပေါင်း (၁၂၆)သိန်းကျော်ဖြင့် အရှည်ပေ(၆၅၀)၊ အကျယ်(၁၂)ပေ၊ ထု(၇)လက္မရှိ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်မင်းလွင်(ပြန်/ဆက်)