သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးပြန်လည်ဖွင့်လှစ်နိုင်ရေးသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်

သီပေါ ဇူလိုင် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ (၄၈)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

မျက်စိစမ်းသပ် ခွဲစိတ်ကုသမှုအား(၄၉)ကြိမ်မြောက်အဖြစ် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း  ပြန်လည်ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်သောကြောင့်ဆရာဝန်များနှင့် လူနာများ စိတ်အေးချမ်းသာစွာ ကုသဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံတော်ကြီးအတွင်း၊ အပြင်နှင့်ခွဲစိတ်ကုသခန်းများအား စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်း ကစေတနာရှင်များမှ လုပ်အားဒါနကုသိုလ်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာလစတင်သည့်အချိန်မှစတင်၍ စမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ခုနှစ်၊ မေလအတွင်း(၄၈)ကြိမ်မြောက် ပြန်လည်ဖွင့်လှစ် ခွဲစိတ်ကုသဆောင်ရွက်ပေးခဲ့ကြောင်း ၊ ၂၀၂၂ခုနှစ် စက်တင်ဘာလအတွင်း (၄၉)ကြိမ်မြောက်ဖွင့်လှစ် ခွဲစိတ်ကုသဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော်ထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)