ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ရပ်ကွက်များအတွင်းသို့ ကျန်းမာရေး အသိပညာပေးခြင်းများ ကွင်းဆင်း ဆောင်ရွက်

ကွန်ဟိန်း  စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်များအတွင်းသို့ ကျန်းမာရေးအသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်မှုအား ယနေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်က အမှတ်(၁)ရပ်ကွက်သို့ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်မှုတွင် ရပ်ကွက်အတွင်းနေ ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း မပြုရန် အသိပညာပေးခြင်း၊ မဖြစ်အနေ ပြင်ပသို့ သွားရောက်ရပါက နှာခေါင်းစည်းတပ်ဆင်သွားလာရန်၊ မိမိတို့ရပ်ကွက်အတွင်းသို့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားနေသည့် နေရာဒေသများမှ ဝင်ရောက်လာသူများ၊ ပြည်ပများ ပြန်လည် ဝင်ရောက်လာသူများရှိပါက သက်ဆိုင်ရာသို့ ချက်ချင်းအကြောင်းကြားရန် အစရှိသည့် ကျန်းမာရေး အသိပညာများ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါဆောင်ရွက်မှုကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)