သိန္နီ ဇူလိုင် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ဟိုနားကျေးရွာတွင် ပိန်းပန်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
သိန္နီမြို့နယ် ဟိုနားကျေးရွာနေ ဒေါ်မြစိန်ကြည် မိသားစုသည် လွန်ခဲ့သော (၆)နှစ်ခန့်မှစ၍ ပိန်းပန်းများကို စတင်စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် ပိန်းပန်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။ ပိန်းပန်းစိုက်ပျိုးရာတွင် စတင်စိုက်ပျိုးချိန်၌ ရေရှည်ခိုင်မြဲရေးအတွက် အုတ်တိုင်များ စိုက်ထူခြင်း၊ အရိပ်ရရန်အတွက် အမိုးမိုးရသည့် ကုန်ကျစရိတ်များမှာစိုက်ခင်းကိုလိုက်၍ကျပ် သိန်း(၂၀)မှ သိန်း(၄၀) အထိ ဖြစ်ကြောင်း သိရသည်။ “ပိန်းပန်းတစ်ပွင့်လျှင် အပွင့်အကြီးအသေးအပေါ်မူတည်၍ တစ်ပွင့်လျှင် ငွေကျပ် လေးရာမှရှစ်ရာအထိ ရရှိကြောင်း၊ ငါးရက်စျေးတစ်ပတ်လျှင် ကျပ်နှစ်သိန်းငါးသောင်းမှ ကျပ်(၃)သိန်း အထိရရှိကြောင်း၊ တစ်နှစ်လျှင် ကျပ်သိန်း(၈၀)အထိရရှိကြောင်း” ပိန်းပန်းစိုက်ပျိုးသူ ဒေါ်မြစိန်ကြည်ထံမှ သိရသည်။ ထို့ပြင် ပိန်းပန်းစိုက်ပျိုးခြင်းသည် အခြားပန်းများကဲ့သို့ ဓာတ်မြေသြဇာသုံးစွဲရန်မလိုအပ်ပဲ သဘာဝမြေသြဇာ ကြက်ချေးတစ်မျိုးတည်းကိုသာသုံးစွဲရသဖြင့် စရိတ်သက်သာမှုလည်းရှိကြောင်း သိရသည်။
ပိန်းပန်းများသည် မိုးရာသီတွင် ပန်းအပွင့်များပြီး နွေရာသီနှင့် ဆောင်းရာသီတို့တွင် ပန်းပွင့်မှုနည်းကြောင်း၊ ပိန်းပန်းခင်းများတွင် ပေါင်း၊ မြက်များကို မှန်မှန်သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းဖြင့် သုံးရာသီလုံးရောင်းချရကြောင်းနှင့် မိသားစုတစ်နိုင်တစ်ပိုင်အပိုရရှိရေးအတွက် ပိန်းပန်းများ စိုက်ပျိုးသင့်ကြောင်း ပိန်းပန်းစိုက်ပျိုးသူ ဒေါ်မြစိန်ကြည်ထံမှ သိရသည်။
စောဥမ္မာ(သိန္နီ)