ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး သိကောင်းစရာများ ပြသ

ရှမ်းရွာသစ်   စက်တင်ဘာ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်  ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိ စေရန်ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်တွင် အသိပညာပေး အကြောင်းအရာများကို ယမန်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှုမှတ်တမ်း ဓာတ်ပုံများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိ ပညာပေးအကြောင်းအရာများကို စာကြည့်တိုက်ခေတ္တမပိတ်ခင်က ငှားရမ်းထားသော စာအုပ်များပြန်လည်အပ်နှံရန် လာရောက်သူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။

အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်များ ၊ ကာကွယ်ရန်နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်ဖွယ်လက္ခဏာများ၊ သင့်မိသားစုအား ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကာကွယ်ပါ၊ ကိုဗစ်-၁၉ ရောဂါအကြောင်းသိကောင်းစရာများ၊ ကူးစက်ပုံကူးစက်နည်းများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ ရောဂါကာကွယ်နိုင်မည့်နည်းလမ်း များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းအရာများ၊ ပြစ်မှုပြစ်ဒါဏ်များ၊ လူကုန်ကူးမှုဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ လူကုန်ကူးမှု၏ အစိတ်အပိုင်း(၃)ရပ်၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့် လိုအပ်ချက်များ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာနည်းဗျူဟာ(၄)ရပ်နှင့် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ထားကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ ရှမ်းရွာသစ်မြို့ပြည်သူ့စာကြည့်တိုက်ကို ခေတ္တပိတ်ထားရာ ယခုအခါ ပြန်အပ်စာအုပ်များကိုသာ လက်ခံဆောင်ရွက်ပြီး စာကြည့်တိုက် မပိတ်ခင်ကာလက စာငှားသူများ ငှားရမ်းသွားသော စာအုပ်များကို ပြန်လည်အပ်နှံရန် လာရောက်ကြသူများအား ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပြန်အပ်စာအုပ်များကိုသာ လက်ခံဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်သူ့စာကြည့်တိုက် Facebook Page မှ ဆောင်ရွက်လျက်ရှိသော ပုံပြင်ပြောခြင်း၊ ကဗျာရွတ် ခြင်း၊ ဆေးရောင်ချယ်ခြင်း၊ ပန်းချီဆွဲခြင်း၊ စက္ကူခေါက်ခြင်းနှင့်စာအုပ်များ မိတ်ဆက်ခြင်း စသည့် အသိပညာ ပေးအစီအစဉ်များကို Online မှ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)