လယ်ဝေး ဇူလိုင် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre တွင် ယနေ့နံနက်(၁၀)နာရီက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ခင်ဝင်းမွန်နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့က ကလေးသူငယ်များအား အလုပ်ခိုင်းစေမည်ဆိုပါက ဘယ်အသက် အရွယ်မှာ အလုပ်လုပ်ခိုင်းရပြီး၊ ဘယ်လိုသတ်မှတ်ချက်များနှင့်ပြည့်စုံရမလဲ။ တနေ့ဘယ်နှနာရီ အလုပ်လုပ်ခွင့်ပြုသလဲ။ အသက်အရွယ်အလိုက် အလုပ်လုပ်ချိန် ကွာခြားမှုရှိပါသလား။ အဆိုး ရွားဆိုးပုံစံဖြင့်အလုပ်ခိုင်းစေခြင်းဆိုတာ ဘယ်လိုအရာတွေပါသလဲ။ အဆိုးရွားဆိုးပုံစံဖြင့်အလုပ် ခိုင်းစေပါက ကာကွယ်ပေးထားသည့် ဥပဒေများအကြောင်းကို အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှု စသည့် အစီအစဉ်များကိုရိုက်ကူး၍ Onlineမှ တင်ဆက် ပေးလျက်ရှိရာ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show အစီအစဉ်ကို လည်း We Love Leiway Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)