ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာစောင်များလေ့လာဖတ်ရှုနိုင်ရန် Mobile Library ကွင်းဆင်းဆောင်ရွက်

ကျောက်ဖြူ  ဇူလိုင်  ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါခိုလှုံရာစခန်းသို့ သွားရောက်ပြီး Mobile Library ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်ဖြူခရိုင်ရုံး ဝန် ထမ်းများက Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း စသည့်စာအုပ်ပေါင်း ၈၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ၎င်း IDPs စခန်းအတွင်းရှိ  ကျောင်းသား၊ ကျောင်းသူများမှ စိတ်အားထက် သန်ပျော်ရွှင်စွာဖြင့် ငှားရမ်းခဲ့ကြသည်။

အဆိုပါခိုလှုံရာစခန်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၁၉၆)ဦးရှိကြောင်း၊ ယခုလို စာအုပ်၊ စာပေများလာရောက်ငှားရမ်းပေးသည့် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက်၍လည်း လာရောက်ငှားရမ်းပေးစေလိုကြောင်း ၎င်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြင့်သိန်းဟန်က ပြောကြားသည်။

ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ထိုသို့ ဦးစီးဌာနရုံးများ၊ စာသင်ကျောင်းများသို့  Mobile Library ဖြင့်ကွင်းဆင်းဆောင်ရွက်ခြင်းကို အပတ်စဉ်ပုံမှန် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)