ခရမ်း ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးရန် အာဟာရမျှတစွာစားသုံးရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ( ၉ )နာရီအချိန်က ကျင်းပခဲ့သည်။
အခန်းအနားတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသစ်က လူတို့၏အသက်ရှင်ရေး၊ သက်ရှည်ကျန်းမာရေးအတွက် အစာအာဟာရသည် မရှိမဖြစ်သောအရာဖြစ်ကြောင်း၊ အစားအသောက်သန့်ရှင်းရေးနှင့် ရောဂါပိုးမွှားကင်းစင်ရေး၊ နေ့စဉ်စားသုံးသော အစာအာဟာရများမှာ ခွန်အားဖြည့်တင်း၍ ကျန်းမာရေးနှင့် ညီညွတ်သင့်ကြောင်း၊ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် မိဘများအနေဖြင့် မိမိတို့၏သားသမီးများကို အာဟာရပြည့်ဝစွာ စနစ်တကျစီမံချက်ပြုတ် ကျွေးမွေးသင့်ကြောင်း၊ ဗီတာမင်ပြည့်ဝသော အစားအစာများနှင့်တွဲဖက်၍ မစားသုံးသင့်သောအစားအစာများအကြောင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဒေါ်ကျော့ကေခိုင် က စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုဆိုင်ရာ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ၂၀၁၉ ဥပဒေပါစားသုံးသူများ၏ အခွင့်အရေးများအကြောင်းနှင့် ပြည်သူများအနေဖြင့် အစားအသောက်ကုန်ပစ္စည်းများကို လွတ်လပ်စွာဝယ်ယူသုံးစွဲရေး၊ ဘေးဥပါဒ်မဖြစ်ပေါ်စေရေး၊ စားသုံးရန်သင့်/မသင့်အစားအစာများ သိရှိလိုက်နာရေး စသည့်အသိပညာပေး ဆောင်ရွက်မှုလုပ်ငန်းများ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင်မိမိတို့၏ အခွင့်အရေးများသိရှိထားရေး လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာရမည့်အချက်များ၊ ဌာနမှ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေခြင်းနှင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)