နောင်ချို ဇူလိုင် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် WVEC ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်သည့် ပညာရည်ချွန်ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲအချိန်က အဆိုပါကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် WVEC ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း ဦးစီးတည်ထောင်အုပ်ချုပ်သူ ဆရာမကြီး ဒေါ်သန်းသန်းဦးက အခြေခံမှစ၍ ထူးချွန်အောင် သင်ကြားပြသပေးခဲ့ကြသော ဆရာ၊ ဆရာမများနှင့် ကြိုးစားသင်ယူခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ ဒီထက်မကသော အောင်မြင်မှုများရရှိအောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)
 
    