အောင်မြေသာစံမြို့နယ်တွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေး

မန္တလေး စက်တင်ဘာ ၁၀

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေး ဒဏ်ရိုက်ခြင်းကို ယနေ့နံနက် ၈ နာရီကစတင်၍ ဥပုသ်တော်ရပ်ကွက်နှင့် အမရဌာနီ အရှေ့ ရပ်ကွက် နှစ်ခုကြားရှိ ၉ လမ်းနှင့် ၇၆ လမ်းထောင့်၌ ပြုလုပ်ကြသည်။

ထိုသို့စစ်ဆေး ဒဏ်ရိုက်ရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်း မရှိသည့် ပြည်သူ (၃၈) ဦးအား ဒဏ်ရိုက်သည့် အနေဖြင့် နှာခေါင်းစည်းတစ်ခုလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူ တပ်ဆင်စေခဲ့သည်။

စစ်ဆေးဒဏ်ရိုက်ရာသို့ ထွေအုပ်၊ ပညာရေး၊ လဝက၊ စည်ပင်၊ ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ် မီးသတ်၊ အရန်မီးသတ်၊ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်း၊ ဥပုသ်တော်ရပ်ကွက်နှင့် အမရဌာနီ အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ စုစုပေါင်း (၄၀) ဦး တို့ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်းများ တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေးဒဏ်ရိုက်ခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာကြစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)