တွံတေး ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျွန်းတော၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးလွင်ဇော်ဦးက လူငယ်နှင့်ခေါင်းဆောင်မှုအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ ကာယဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူက ခေါင်းဆောင်တစ်ဦး၏ရှိသင့်သော အရည်အချင်းများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက ခေါင်းဆောင် ဆိုသည်မှာနှင့် စာဖတ်ကြပါဟူသော အကြောင်းအရာများကိုလည်းကောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ထွေးငယ်ငယ်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း( ခွဲ)ကျွန်းတောမှ ဆရာ၊ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဘောလုံး၊ ပိုက်ကျော်ခြင်လုံးနှင့်ပိုက်တို့အား ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးငယ်ငယ်ထွန်းပေးအပ်ကာ အားကစားဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မျိုးလှိုင် တွံတေး