လားရှိုမြို့တွင်းရေစီးရေလာကောင်းမွန်စေရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေး

လားရှိုး ဇူလိုင် ၂၇

လာရှိုးမြို့တွင် မိုးရာသီအချိန်၌ မြို့တွင်းရေစီးရေလာကောင်းမွန်စေရေး၊ ရေကြီးရေလျှံမှုကာကွယ်ရေးအတွက် လုပ်ငန်းဆောင်ရွက်နိုင်ရေးကိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

မိုးရာသီတွင်ဖြစ်ပေါ်တတ်သော ရေကြီးရေလျှံမှုများကို ကာကွယ်နိုင်ရန်အတွက် နမ့်ခိုက်တိုးချဲ့ရပ်ကွက်၊ ကျောက်တောင်ရေမြောင်းတို့တွင် ရေစီးရေလာကောင်းမွန်စေရန် မြို့နယ်စည်ပင် သာယာရေးဌာနမှ စက်ယန္တရားများဖြင့် အမှိုက်ဆယ်ယူခြင်းလုပ်ငန်းများ၊ နုံးဆည်ယူခြင်း လုပ်ငန်းများ၊ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ၊ ချောင်းဖြတ်တံတားဆောက်လုပ်ခြင်းလုပ်ငန်း များကိုနှစ်စဉ် ဆောင်ရွက်လျက်ရှိနေကြောင်း လည်းသိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုများကို လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြသည်။ လားရှိုးမြို့ နမ့်ခိုက်တိုးချဲ့ရပ်ကွက်၊ ရပ်ကွက်(၁) ကျောက်တောင်ရပ်ကွက်တို့သည် မိုးရာသီအချိန်ရောက်တိုင်း တောင်ကျ‌ချောင်းရေများကြောင့် ရေကြီးရေလျှံမှုကို ယခင်မိုးရာသီအချိန်များကလည်း တွေ့ကြုံခဲ့ကြရကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)