မိတ္ထီလာ စက်တင်ဘာလ ၁၀
မိတ္ထီလာမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ယနေ့မှစတင်ပြီး စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့ပေါ်ရှိ စျေးများတွင် စားသောက်ကုန် များနှင့် ဆေးဝါးပစ္စည်း အရောင်းဆိုင်များကိုသာလျှင် ဖွင့်လှစ်ရောင်းချ ခွင့်ပြုသွားမည်ကြောင်း သိရသည်။
အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉သည် ကမ္ဘာ့အနှံ့ကူးစက်ပြန့်ပွားနိုင်သည့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ကြောင်း WHO က သတ်မှတ်ကြေငြာ ခဲ့ပြီးဖြစ်၍ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာစာရင်းတွင် မိတ္ထီလာမြို့ မှ ရောဂါပို့တွေ့ရှိသူ(၄)ဦး ပါဝင်ခဲ့သည်။ ထိုသို့ မိတ္ထီလာ မြို့တွင် ရောဂါပိုးတွေ့ရှိသူများ ပါဝင်ခဲ့၍ အဆိုပါ ကိုဗစ်-၁၉ ရောဂါများ ပြန့်ပွားမှုမရှိစေရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ညွှန်ကြားချက်အရ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဖွဲ့ပိုင်စျေးများဖြစ်သည့် စည်ပင်သာယာစျေးကြီး၊ ဗဟိုစျေး၊ ပိတောက်မြိုင်စျေး၊ မြို့သစ်စျေး၊ ပေါက်ချောင်းစျေး၊ ရန်မျိုးအောင်စျေး၊ ပြည်သာယာ စျေး၊ ပုလဲစျေး၊ ဝန်ဇင်းစျေး၊ ပုလဲကန်စျေးတို့တွင် မရှိမဖြစ်လိုအပ်သော စားသောက်ကုန် ရောင်းချသည့်ဆိုင်များ၊ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းအရောင်းဆိုင်များ၊ ဆေးဝါးပစ္စည်း အရောင်းဆိုင်များကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် ၎င်းစျေးများတွင် ရောင်းချ လျက်ရှိသည့် စျေးသည်များနှင့် စျေးဝယ်များ စနစ်တကျ နှာခေါင်းစည်းများ တပ်ဆင်စေရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ယင်းစျေးများတွင် နေ့စဉ်လက်ကိုင်အသံချဲ့စက်များဖြင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စျေးအရာရှိ ဦးအောင်ကျော်ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)