တကောင်း ဇူလိုင် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအသိ ပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲဆောင်ရွက်ခြင်းကို ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဇူလိုင်လ ၂၅ ရက်နေ့နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သီရိအောင် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဆရာမဒေါ်မိုးသက်ခင်ခင်မှ ကလေးအလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကလေးအလုပ် သမား အသက်အရွယ်အပိုင်အခြား၊ ကလေးတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးဖွံ့ဖြိုး မှု၊ ကလေးလုပ်နိုင်သည့်အလုပ်များနှင့် ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ စသည့်တို့အား အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ ပြည်သူ့စာကြည့်တိုက်ရှိ လူကြီး၊ လူငယ်ကြိုက နှစ်သက်စေမည့် သုတ၊ ရသစာအုပ်များခင်းကျင်းပြသထားမှုနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ် စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ Youth Club အဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
သီရိအောင်(တကောင်း)