တာမွေ ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ခြင်ကျားနှိမ်နင်းရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများနှင့်အတူ အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်လာကြစေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး “ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး၊ ခြင်လောက်လန်းနှိမ်နင်းပေး”ဆိုသည့် ခြင်ကျားနှိမ်နင်းရေး အသိပညာပေးပိုစတာများကို တာမွေမြို့နယ်ရှိ အမှတ်(၂၂)အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေး ကပ်ထားကြေညာခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးပိုစတာတွင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ မဖြစ်ပေါ်စေရေးအတွက် ခြင်ကျား နှိမ်နင်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်စုံလင်စွာဖော်ပြထားကြောင်းနှင့် ယခုနှစ်အတွင်း တာမွေမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၃၁)ဦးအထိရှိခဲ့ပြီး အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
နိုင်လင်းအောင် (တာမွေ)