ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ

ချမ်းအေးသာစံ ဇူလိုင် ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်း​ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကမ်းနားလမ်းရှိ ကရဝိတ်ရေပေါ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသံချောင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဧရာဝတီမြစ်အတွင်းသို့  ၂လက်မအရွယ် ငါးသားပေါက် ငါးမြစ်ချင်းကောင်ရေ တစ်သိန်းခွဲ၊ ငါးခုံးမကောင်ရေ ငါးသောင်း၊ စုစုပေါင်းကောင်ရေ နှစ်သိန်းအား စိုက်ထည့်ပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ၂လက်မ အရွယ် ငါးသားပေါက်ကောင်ရေ သိန်းပေါင်း ၂၄၀ လျာထားခဲ့ရာ ယနေ့အထိ ၅၃. ၂ သိန်း စိုက်ထည့်ပြီးဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်