အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

သံတွဲ ဇူလိုင် ၂၆

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သံတွဲခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်စိန်က “လူငယ်နှင့်ခေါင်းဆောင်မှု” ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က “ခေါင်းဆောင်ဖြစ်မည့် စိတ်နေစိတ်ထား” ခေါင်းစဉ်တို့ဖြင့် ဟောပြောဆွေးနွေးခဲ့ကြသည်။

ထိုသို့ဟောပြောရာတွင် ခေါင်းဆောင်များတွင်ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ၊ ခေါင်းဆောင်မှု၏ လိုအပ်ချက်များ၊ ခေါင်းဆောင်တစ်ဦး၏ အကျင့်စရိုက်ဆိုင်ရာ ပြည့်စုံရမည့် စံတန်ဖိုးများ၊ ခေါင်းဆောင်များဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ခေါင်းဆောင်တို့ ပြည့်စုံရမည့် နာယကဂုဏ်(၆)ပါး စသည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဟောပြော ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ သံတွဲခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက Physical fithness Dance အကအား သရုပ်ပြကပြခြင်း၊ ကိုယ်ကာယကြံ့ခိုင်လေ့ကျင့်မှုများအား သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ကြပြီး ကျောင်းသား၊ကျောင်းသူလေးများအတွက် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးကိုယ်စား တာဝန်ခံဆရာမ ဒေါ်တင်တင်နွယ်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားအပြီးတွင် ကျောင်းသား/သူများနှင့် ဆရာ၊ ဆရာမများက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်တို့ကို လေ့လာကြည့်ရှုကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ယခုလိုပြပွဲဆောင်ရွက်ရခြင်းနှင့် သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများအားဝန်ဆောင်မှု ဆောင်ရွက်ပေးနေသည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ခရိုင်ပြန်/ဆက်