စစ်တွေ ဇူလိုင် ၂၆
ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ခရီးသွားလုပ်ငန်းသည် သီးခြားရပ်တည်၍မရသည့်အတွက် အခြားသော ဝန်ဆောင်မှုလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ လုံခြုံမှုလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဆက်စပ်နေခြင်းကြောင့် ပြည်နယ်အတွင်းရှိ အခြားသောလုပ်ငန်းဌာနများ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောက်မှုများသည် ခရီးသွားလုပ်ငန်းအတွက် များစွာ အထောက်အကူပြုပြီး အကောင်အထည်ဖော်ရာရောက်သည်ကို တွေ့ရပါကြောင်း၊ ဌာနများက မိမိတို့၏တာဝန်ကို အောင်မြင်အောင် အသီးသီးဆောက်ရွက်နေကြသော်လည်း ရရှိသည့်ရလဒ်က ခရီးသွားလုပ်ငန်းအပေါ်မှာပါ ကောင်းမွန်သည့် အကျိုးဖြစ်ထွန်းမှုများ ရရှိစေသည်ကို တွေ့ရပါကြောင်း၊ ထို့အပြင် ဧည့်သည်များနှင့် ဝန်ဆောင်မှုပေးသူများပါ ကျန်းမာရေးလုံခြုံမှုရှိသော ပတ်ဝန်းကျင် လုပ်ငန်းခွင်ကို ရရှိစေရန်၊ ဝန်ဆောင်မှုပေးသူများအားလုံး ကာကွယ်ဆေးအပြည့်အဝထိုးနှံရန်နှင့် သတ်မှတ်ကာလ ပြည့်ပြီးသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို ပေါ့ပေါ့ဆဆမနေကြရန်နှင့် ဆက်လက် လိုက်နာဆောင်ရွက်သွားကြရန်လည်း သတိပေးလိုပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများ၏ ခရီးစဉ်တွင် ခရီးသွားရာသီ၌ ပြည်တွင်း၊ ပြည်ပခရီးသွားများအား ဆွဲဆောင်မှုရှိသည့် မြောက်ဦးဒေသနှင့် ကမ်းရိုးတန်းဒေသများဖြစ်သော သံတွဲ၊ ငပလီစသည့်ဒေသများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ ခရီးသွားများ တိုးမြှင့်ဝင်ရောက်မည့် အလားအလာရှိသဖြင့် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားထားသည်နှင့်အညီ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်နေကြသည့် မြောက်ဦးဒေသနှင့် ငပလီအပန်းဖြေ ကမ်းခြေ ဒေသများမှာ လာမည့်ခရီးသွားရာသီအတွက် အဆင်သင့်ဖြစ်စေရေး အလေးထားကာ သက်ဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့အစည်းများ၊ ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့(DMO)များက လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ယခင်နှစ် ခရီးသွားရာသီထက် ပိုမိုတိုးတက်ကောင်းမွန်ပြီး လုံခြုံမှုရှိအောင် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီမှ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရခိုင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်က သက်ဆိုင်ရာဝန်ဆောင်မှု ကဏ္ဍအလိုက် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းဆိုင်ရာ အမှာစာများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ပြည်နယ်အတွင်း၌ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အကြံပြု ဆွေးနွေးတင်ပြကြသည်။
အကြံပြုဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးကာ နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)