မိုင်းခုတ် ဇူလိုင် ၂၆
တောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ မိုးစပါးစံကွက် စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၇ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ စိုက်ပျိုးရေးဉီးစီးဌာန၏ ကြီးကြပ်မှုဖြင့် အမှတ်(၂)ရပ်ကွက်(ဝမ်ဝိန်း)ရှိ တောင်သူ ဉီးခမ်းဟုန်၏ စိုက်ကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက် စိုက်ပျိုးခြင်းကို မိုးစပါးအထွက်နှုန်းတိုးစေရေးနှင့် စိုက်စနစ်မှန်ကန်ရေးတို့ အတွက် စိုက်ပျိုးရေးဉီးစီးဌာနမှ ဉီးစီးမှူး ဉီးစဌေးဝင်းနှင့် ဝန်ထမ်းများ၏ အနီးကပ် ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဆင်းဧကရီ(၃)အမျိုးအစားကို စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့အပြင် စိုက်ပျိုးရေးဉီးစီးဌာနအနေဖြင့် ဓာတ်မြေဩဇာများနှင့် ကောက်စိုက်သမငှားရမ်းခများကို လည်းထောက်ပံ့ပေးအပ်ခဲ့ပြီး စိုက်ပျိုးပြီး စပါးများကိုလည်း ပိုးမွှားအန္တရာယ်မကျရောက်စေရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သောပိုးသတ်ဆေးများကိုလည်း ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)