မြစ်ကြီးနားမြို့၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

မြစ်ကြီးနား ဇူလိုင် ၂၆

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြည်နယ်ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာမှ အငယ်တန်းစာရေး ဒေါ်အိဇာလွင်က သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ မီးဘေး၊ မုန်တိုင်းဘေးနှင့် မြေပြိုခြင်း သဘာဝဘေးများဖြစ်ပွားလာပါက ကြိုတင်သိရှိထားသင့်သည့် ဆောင်ရန် ရှောင်ရန်များကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းစီစီက ကလေးသူငယ်အခွင့်အရေးများ ကိုယ်တိုင်သိရှိနားလည်စေရေး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကြေငြာစာတမ်း၊ မြန်မာနိုင်ငံတွင် ကလေးသူငယ် ဥပဒေနှင့်ပတ်သက်၍ ပြဌာန်းဆောင်ရွက်နေမှုများ၊ ကလေးသူငယ်များအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာများ အနိုင်အထက် ပြုကျင့်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကချင်ပြည်နယ် ပြန်လည်ထူထောင်ရေးစခန်းမန်နေဂျာ ဦးမုန်လင်းဂမ်က မူးယစ်ဆေးအန္တရာယ်နှင့် မိုင်းအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီး ဌာနအလိုက်ဝန်ထမ်းများက ကျောင်းသား/သူများ လိုက်နာနေထိုင်ရမည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

ယော်ဆောင်(ပြန်/ဆက်)