ပုဗ္ဗသီရိ စက်တင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကန်ဇွန်းအင်းကျေးရွာအတွင်းရှိ မြေသားလမ်းအား အဆင့်မြှင့်တင်၍ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်(၁၉၈.၂)သန်းဖြင့် လမ်းအရှည်(၁.၉၂၁) ကီလိုမီတာ၊ အကျယ်(၃.၆၆)မီတာ၊ အထူ(၁၇၅)မီလီမီတာဖြင့် သတ္တိစွမ်းအားကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူတို့၏ စီးပွားရေး၊ လူမှုရေးနှင့်ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေချောမွေ့သွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ပုဗ္ဗသီရိ မြို့နယ်အတွင်း၌ ကွန်ကရစ်လမ်း ၁၁ ခု၊ ကျောက်ချောလမ်းလေးခု၊ ရိစာလမ်းသုံးခု၊ ကွန်ကရစ် တံတား သုံးစင်း၊ Box Culvert ၂၂ စင်း၊ အခြားလုပ်ငန်းလေးခုနှင့် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတစ်ခု စုစုပေါင်း လုပ်ငန်း ၄၈ ခုကို ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ကံချွန်(ပြန်/ဆက်)