စစ်တွေ ဇူလိုင် ၂၆
တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိတ်ဆက်ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်မြအေးက တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်၏ အကျိုးရှိပုံများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ရခိုင်ပြည်နယ် တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စောမြတ်နွယ်က တရားရုံးက တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ စေ့စပ်ဖြေရှင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်များအား Power Point ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသူများက သိရှိလိုသည် များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။
တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားရုံး၌စွဲဆိုပြီးဖြစ်သော တရားမမှုများကို အမှုသည်တို့၏ဆန္ဒအရဖြစ်စေ၊ သတ်မှတ်ချက်အရဖြစ်စေ တရားရုံးရှိ စေ့စပ်ဖြေရှင်း ရေးဌာန၌ အမှုသည်များကိုယ်တိုင် ပါဝင်ပြီး စေ့စပ်ဖြေရှင်းရာတွင် တရားရုံးကတာဝန်ပေးအပ်သည့် စေ့စပ်ဖြေရှင်းရေးအရာရှိတစ်ဦးက အမှုသည်များအကြား ကြားဝင်ကူညီဆောင်ရွက်ပေးခြင်းဖြင့် အငြင်းပွားမှုများကို ဖြေရှင်းပေးခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ မိတ်ဆက်ရှင်းလင်းပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌနှင့် တရားလွှတ်တော်ရှေ့နေများတက်ရောက်ကြပြီး ပြည်နယ်အတွင်းရှိ တရားရုံးအဆင့်ဆင့်မှ တရားရေးအရာရှိများကလည်း Virtual စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)