မိုးတွင်းကာလ၌ မအီမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသနေပြည်သူများ မျှစ်ချိုးရောင်းချခြင်းဖြင့် အဆင်ပြေ

မအီ ဇူလိုင် ၂၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့နယ်၊ မအီချောင်းဖျားရှိ တောင်ပေါ်ဒေသနေ ပြည်သူများမှာ မိုးတွင်းကာလတွင် သဘာဝအလျောက် ရာသီအလိုက် ပေါက်ရောက်သည့် မျှစ်များကို ချိုးယူရောင်းချခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စားဝတ်နေရေးအတွက် သင့်တင့်စွာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ထိုသို့ မျှစ်များကို ကိုယ်တိုင်ချိုးယူ ရောင်းချသူ မအီချောင်ဖျားရှိ ခြေတော်ရာကျေးရွာမှ ကိုမောင်ထော်ကို တွေ့ဆုံမေးမြန်းခဲ့ရာတွင် "မျှစ်ချိုးရာမှာ နှစ်မျိုးရှိတယ်လို့ ပြောချင်ပါတယ်။ တစ်နေ့စာရောင်းဖို့ရန်အတွက် တစ်ပိုင်တစ်နိုင် ချိုးတာနှင့် ရသလောက်ချိုးယူတာဆိုပြီး နှစ်မျိုးရှိပါတယ်။ ကျွန်တော်တို့က တစ်နိုင်တစ်ပိုင် ချိုးယူရောင်းချခြင်းဖြစ်ပါတယ်။" တစ်ပိုင်တစ်နိုင်ဆိုရာတွင် မျှစ်အစိမ်းများကို ရက်ရှည်ကြာစွာ ထားရှိမရနိုင်ခြင်းကြောင့် မိမိဒေသ၏ ဝယ်လိုအားအပေါ် အခြေတည်၍ တစ်နေ့စာ ရောင်းချဖို့ရန်လောက်သာ ချိုးယူခြင်းဖြစ်ကြောင်း၊ ရသလောက်ချိုးယူခြင်းမှာ မိုးကုန်သည့်အခါ ရောင်းချဖို့ရန် မိုးတွင်းကာလတစ်လျှောက် မျှစ်ချဉ်လုပ်ပြီး သိုလှောင်ထားဖို့ရန်အတွက် ချိုးယူကြခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ တစ်နေ့စာ ရောင်းချဖို့ရန် ချိုးယူ၌ တစ်ဦးလျှင် မျှစ်အချောင်းရေ ငါးရာ/ခုနစ်ရာခန့်သာ ချိုးယူကြပါကြောင်း၊ ရသလောက် တစိုက်မတ်မတ် ချိုးယူရာတွင် တစ်ရက်လျှင် တစ်ဦးကို မျှစ်အချောင်းရေ ၁၀၀၀ ကျော်ခန့် ချိုးယူရရှိနိုင်ပါကြောင်း၊ ကျွန်တော်တို့ ခြေတော်ရာရွာမှာ ဝယ်ရင်တော့ မျှစ်အချောင်း ၁၀၀ ကို ၂၀၀၀ ကျပ်နှင့် ရောင်းချပါကြောင်း၊ ခြေတော်ရာရွာနှင့် တောင်ပေါ်လမ်းခရီး ၁၆ မိုင် ကွာဝေးသည့် မအီမြို့ဈေးတွင် ရောင်းချလျှင် မျှစ်အချောင်း ၁၀၀ ကို လက်ကားဈေး ၄၀၀၀ ကျပ်နှင့် လက်လီဈေးအနေဖြင့် ၅၀၀ ကျပ်ဖိုးကို ၁၀ ချောင်း ရောင်းချရပါကြောင်းတို့ကို အဆိုပါ ကိုမော်ထော်က ဆက်လက်ပြောကြားသည်။

မျှစ်များကို မအီမြို့နယ်အတွင်းရှိ သဒွန်ကျေးရွာအုပ်စုမှ ကျေးရွာများနှင့် လက်ပံကျေးရွာအုပ်စုအတွင်းရှိ ခြေတော်ရာ၊ အညင်းတောင်၊ ဝက်ရနှင့် ဆံထုံးကျေးရွာများမှ ရခိုင်တိုင်းရင်းသား၊ ချင်းတိုင်းရင်းသား ပြည်သူအများစုက မိုးတွင်းကာလ၌ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် တစ်ပိုင်တစ်နိုင် ချိုးယူရောင်းချကြကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)