ဖားကန့်မြို့နယ်အတွင်းရှိ ဈေးဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချနေမှုအား ကြည့်ရှုစစ်ဆေး

ဖားကန့်  စက်တက်ဘာ  ၁၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် အပါအဝင် ဈေးဆိုင်များ အားလုံး ပါဆယ်စနစ်သာ ရောင်းချရန် ညွှန်ကြားထားပြီး ယနေ့နံနက်ပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ မြို့နယ်အတွင်းက ရပ်ကွက်/ကျေးရွာ အားလုံးမှာပေါ့၊ ဆိုင်ကြီး ဆိုင်ငယ်အားလုံး ပါဆယ်စနစ်နဲ့ ရောင်းဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်၊ မနေ့ကလည်း ပြည်သူတွေကို လိုက်လံအသိပေး နှိုးဆော်တဲ့ လုပ်ငန်းစဉ်ကိုလည်း ဆောင်ရွက်ခဲ့ပါတယ်၊ ဒီနေ့တော့ ဈေးဆိုင်တွေအနေနဲ့ လိုက်နာမှု ရှိ/မရှိ လိုက်လံ စစ်ဆေးတာပေါ့၊ ဒီတစ်ပတ်အတွင်းမှာ ရှောင်တခင်ဝင်စစ်လို့ ပါဆယ်စနစ်ကို ကျင့်သုံးခြင်း မရှိဘူးဆိုရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားမှာပဲ ဖြစ်ပါတယ်"ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က ပြောသည်။

ဖားကန့်မြို့နယ်၌ မြို့ပေါ်ရပ်ကွက်(၅)ခု၊ မြို့(၁)မြို့၊ ကျေးရွာအုပ်စု(၁၅)စုနှင့် ပြည်ထဲရေး အမည်ပေါက် ကျေးရွာ(၅၄) ရွာရှိပြီး ဒေသခံများနှင့် ရွှေ့ပြောင်းအခြေချ နေထိုင်ကြသူ လူဦးရေ လေးသိန်းဝန်းကျင်ခန့် ရှိသည်။

ဖားကန့်မြို့နယ်အတွင်း စက်တင်ဘာ ၉ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ တစ်ဦးတွေ့ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

တာလင်းမောင်(ပြန်/ဆက်)