ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောက်ပန်းတောင်း-မြင်းခြံကားလမ်းအဝင်နှင့် ချောက်မြို့ အထွက်တို့တွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ သက်ဆိုင်ရာ မြို့/ရွာတို့မှ နေထိုင်ကြောင်း ထောက်ခံစာပါရှိမှသာ မြို့တွင်းဝင်ခွင့်ပြုတော့မည်

ကျောက်ပန်းတောင်း စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်အနေဖြင့် ကျောက်ပန်းတောင်း-မြင်းခြံလမ်း နှင့် ချောက်လမ်းတို့တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ (၁၀) ရက်နေ့က မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လှည့်လည်စစ်ဆေးခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းတစ်ခု အဖြစ် ကျောက်ပန်းတောင်း-မိတ္ထီလာလမ်း မြတ်နိုးသူဂိတ်၊ ကျောက်ပန်းတောင်း-ချောက်လမ်း ကောင်းမွန်ဂိတ်နှင့် မြို့လယ်လမ်းဆုံတို့တွင် (၃၁-၈-၂၀၂၀) မှစတင်၍ စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်၍ မော်တော်ယာဉ်အဝင်အထွက်များနှင့် ခရီးသွားရာဇဝင်ရယူခြင်း နှာခေါင်းစည်းများ တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် တပ်ဆင်မှု မရှိပါက ဒဏ်ငွေရိုက်ခြင်းများ ဆောင်ရွက်ခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါမှာ မြို့နှင့်အနီးဝန်းကျင် မြို့နယ်များအထိ ကူးစက်ပြန့်နှံ့မှု များ ရှိလာသဖြင့် မြို့တွင်းသို့ ဝင်/ထွက်ဂိတ်များတွင် သွားလာမှု စစ်ဆေးခြင်းများကို အထူး ကြပ်မတ်စစ်ဆေး နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ ပူးပေါင်းပါဝင်၍ တိုးမြှင့်ဆောင်ရွက် လျက်ရှိရာ၊ အဆိုပါစစ်ဆေးမှုလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် ကော်မတီဝင်ဌာနဆိုင်ရာများက လှည့်လည် စစ်ဆေးခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အနေဖြင့် (၁၁.၉.၂၀၂၀) ရက်နေ့မှစတင်၍  ကျောက်ပန်းတောင်း-မြင်းခြံ လမ်းဘက်မှ လာရောက်သည့် ကျေးရွာနေပြည်သူများနှင့် မကွေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးကို ဖြတ်သန်း၍ ရခိုင်ပြည်နယ်ဘက်မှ လာရောက်သည့် ခရီးသွားပြည်သူများအတွက် မိမိတို့ လာရောက်သည့် မြို့/ရွာများမှ အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံစာ(သို့မဟုတ်) အိမ်ထောင်စု စာရင်းစာရွက်မိတ္တူတို့ပါရှိမှသာ မြို့တွင်းသို့ ဝင်ရောက်ဖြတ်သန်း ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)