ရန်ကင်းမြို့နယ်ရှိ ရပ်ကွက်လမ်းထိပ်အဝင်ဝများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မတပ်ဆင်သူများအား စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

ရန်ကင်း စက်တင်ဘာ ၁၀

ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ပြန့်ပွားမှု များပြားလာမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ရပ်ကွက်လမ်းထိပ်အဝင်ဝများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မတပ်ဆင်သူများအား စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ ရန်ကင်းမြို့နယ် ရပ်ကွက်များ အတွင်းရှိ လမ်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်တုံ့ပြန်ရေး အရေးပေါ် ကော်မတီအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက လမ်းအတွင်းသို့ ပြင်ပမှ ဝင်ရောက်လာသည့် ကားအဝင်အထွက် စာရင်းများ ကောက်ယူခြင်း၊ Mask မပါရှိသူများအား ဒဏ်ရိုက်သည့် အနေဖြင့် Mask တစ်ခုလျှင် ၅၀ နှုန်းဖြင့်(၁၀)ခု ဝယ်ယူစေပြီး တစ်ခုကို ယခုတပ်အစီအစဉ် ဆောင်ရွက်ထားရှိခြင်းနှင့် Hand Speaker ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ ကို ကြေညာပေးခြင်း စသည့်တို့ကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ရန်ကင်းမြိုနယ်တွင် ရပ်ကွက်(၁၅)ရပ်ကွက်ရှိပြီး ရပ်ကွက်တိုင်းရှိ လမ်းအဝင်ဝများတွင် "Mask တပ်ဆင်ပြီးမှ ရပ်ကွက်အတွင်း ဝင်ရောက်ရန်" ဟူသည့် ဗီနိုင်းများ၊ ကြော်ငြာဘုတ်များ ဆောင်ရွက်ထားရှိခြင်းနှင့် လက်ဆေးဘေစင်များကိုလည်း ​ဆောင်ရွက်ထားရှိကြောင်း သိရသည်။

လင်းလင်းထွန်း (ပြန်/ဆက်)