တံတားမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးရန် အာဟာရမျှတစွာ စားသုံးရေး အသိပညာပေးဟောပြောပွဲ

တံတား ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးရန် အာဟာရမျှတစွာစားသုံးရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က စတင်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဒု-အလယ်တန်းပြဆရာမ ဒေါ်စုမွန်ခိုင်မှ လူတို့၏အသက်ရှင်ရေး၊ သက်ရှည်ကျန်းမာရေးအတွက် အစာအာဟာရသည်မရှိမဖြစ်သော အရာဖြစ်ကြောင်း၊ အစားအသောက် သန့်ရှင်းရေးနှင့် ရောဂါပိုးမွှားကင်းစင်ရေး ဗဟုသုတသည် လူတိုင်းဆလ့လာသိရှိပြီး လိုက်နာရရန် အလွန်အရေးကြီးကြောင်း၊ အစာမှအဆိပ်မဖြစ်ရေး၊ အစာလည်းဆေး၊ ဆေးလဲအစာဖြစ်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်စွာ ချက်ပြုတ်စားသောက်ရေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် အချက်များကို ကျောင်းသားမိဘများ သိရှိနိုင်ရေးအတွက် အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ဒု-အလယ်တန်းပြဆရာမ ဒေါ်မူမူဝင်းမှ နေ့စဉ်စားသုံးသော အစာအာဟာရများမှာ ခွန်အားဖြည့်တင်၍ ကျန်းမာရေးနှင့်ညီညွတ်သင့်ကြောင်း၊ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် မိဘများအနေဖြင့် မိမိတို့၏သားသမီးများကို အာဟာရပြည့်ဝစွာ စနစ်တကျ စီမံချက်ပြုတ်ကျွေးမွေးသင့်ကြောင်း၊ ဗီတာမင်ပြည့်ဝသော အစားအစာများနှင့် တွဲဖက်၍ မစားသုံးသင့်သော အစားအစာများအကြောင်းကို ရှင်းလင်းပြောကြားပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မိုးဖြူလွင်(တံတား)