ကော့မှူး၌ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

ကော့မှူး ဇူလိုင် ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာန၏လမ်းညွှန်ချက်နှင့်အညီ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် သဘာဝငါးသယံဇာတများ ပြုန်းတီးမှုမဖြစ်ပေါ်စေရေးနှင့် သဘာဝရေပြင်အတွင်းငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ် တည်ရှိနေစေရေး၊ ငါးထုတ်လုပ်မှု တိုးတက်လာစေရေး၊ ဒေသခံပြည်သူများ ငါးရိက္ခာ ဖူလုံစေရေးနှင့် လူနေမှုဘဝမြင့်မားလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်းရှိ သဘာဝရေပြင်များအတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။

ငါးမျိုးထည့်ခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်း ဦးစီးမှူး ဦးတင့်လွင်၊ ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးဌာနမှူး ဦးအေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးမျိုးစိုက်ကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်လဲ့မွန်တင့်နှင့်ဝန်ထမ်းများမှ သဘာဝရေပြင်အတွင်းသို့ လှော်ကားငါးလုပ်ငန်းစခန်းမှ နှစ်လက်မအရွယ် ငါးမြစ်ချင်းသား ပေါက်ကောင်ရေ (၂၅၀၀၀၀)၊ လေးထောင့်ကန်ငါးလုပ်ငန်းစခန်းမှ နှစ်လက်မအရွယ် ငါးခုံးမ (၂၅၀၀၀၀) စုစုပေါင်းကောင်ရေ (၅၀၀၀၀၀)ကို ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ( ကော့မှူး)