တံတား ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသားလူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှု့လိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း အကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍(Youth Club)အဖွဲ့ဝင် ကျောင်းသားလူငယ်များနှင့်ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် တောသားလေးတစ်ယောက် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ဦးဆောင်ဆွေးနွေးရာတွင် ယနေ့ခေတ်လူငယ်များသည် ကိုယ့်ရေ၊ ကိုယ့်မြေ၊ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံနယ်နိမိတ်ကို လုံခြုံအောင်ကာကွယ်သင့်ကြောင်း၊ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်၊ စည်ကားသာယာအောင် တည်ဆောက်ကြိုးပမ်းသင့်ကြောင်း၊ စိတ်ကောင်းစေတနာကို အဓိကမဏ္ဍိုင်ထားပြီး နိုင်ငံနှင့်လူမျိုးကို ကောင်းကျိုးပြုနိုင်အောင် ရှေးရှုရမည်ဖြစ်ကြောင်း၊ ကိုယ့်ဘဝ၊ ကိုယ့်ခွန်အား၊ ကိုယ့်စွမ်းရည်ကို တန်ဖိုးထားသင့်ကြောင်း၊ လူငယ်များအတွေးအမြင် ကျယ်ပြန့်အောင် စာများများဖတ်သင့်ကြောင်း၊ စာပေအနုပညာဆိုသည်မှာ ပါရမီအခံရှိအောင် အချိန်အတိုင်းအတာတစ်ခုအထိ အကြိမ်ကြိမ် အထပ်ထပ်ဖြည့်စည်းလေ့ကျင့်ရကြောင်း၊ အဆက်မပြတ် အားထုတ်ကြိုးစားမှုရှိမှသာ အောင်မြင်မှု ရနိုင်ကြောင်း စာရေးသူ၏စာပေစေတနာများအပေါ် သိရှိနားလည်နိုင်စေရန် ဆွေးနွေးခဲ့ပြီးနောက်(Youth Club) အဖွဲ့ဝင် မအိဖြူဇင်နှင့် မယုနဒီဖြိုးတို့မှ စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။
မိုးဖြူလွင် (တံတား)