မိုးနဲ ဇူလိုင် ၂၅
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ နည်းပညာအသုံးပြု၍ ကွန်ပျူတာအတွင်းရိုက်သွင်းခြင်းနှင့် Software Program အတွင်းသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မိုးနဲမြို့နယ် ဦးစီးမှူးရုံးတွင် ယနေ့နံနက်ပိုင်း၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်သို့ဆောင်ရွက်ရာတွင် မိုးနဲမြို့နယ်(ကျိုင်းတောင်းမြို့) အပါအဝင် အိမ်ထောင်စု (၈၉၅၈)စုနှင့် လူဦးရေ (၄၈၇၀၃)ဦး၏ (ပုံစံ-၆၆/၆) အချက်အလက်များကို နည်းပညာအသုံးပြု၍ software program ဖြင့် Database သို့ တိုက်ရိုက်စာရင်းရေးသွင်းခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၄)ဦးနှင့် အခြားဌာနဆိုင်ရာဝန်ထမ်း(၄)ဦး၊ စုစုပေါင်း(၈)ဦးတို့က သတ်မှတ်ကာလထက်စော၍ အောင်မြင်စွာရေးသွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန မိုးနဲမြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ခိုင်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့သည်။
နိုင်ငံသားများ၏ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)အချက်အလက်များကို နည်းပညာအသုံးပြု၍ software programဖြင့် Databaseသို့ တိုက်ရိုက်စာရင်း ရေးသွင်းခြင်းလုပ်ငန်းကို ဇူလိုင် ၁၈ ရက်နေ့မှ ယနေ့အထိ မိုးနဲမြို့နယ် (ကျိုင်းတောင်းမြို့) အပါအဝင် အိမ်ထောင်စုလူဦးရေးစာရင်း၏ ၁၂ ဒသမ ၂၁ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ရာ လုပ်ငန်းများအား သတ်မှတ်ကာလထက်စော၍ ပြီးစီးအောင်ရေးသွင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုးနဲမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)