ကျိုင်းတုံမြို့မဈေးကြီး၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ကျိုင်းတုံ ဇူလိုင် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မဈေးကြီး၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ  အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက ပြုလုပ်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက ကျိုင်းတုံမြို့မစျေးကြီးအတွင်း ဈေးရောင်းချသူများနှင့်စျေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး စနစ်တကျ တပ်ဆင်၍ စျေးရောင်းစျေးဝယ်ပြုလုပ်ကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများကို တိကျစွာလိုက်နာကြရန် အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

အလားတူ ကျိုင်းတုံမြို့နယ်တွင် လူစည်ကားရာနေရာများ၊ စျေးများတွင် အပြင်ထွက်သွားလာသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် ဗီဇပြောင်း ကိုဗစ် -၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေး နိူးဆော်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)