ဟိုပုံး ဇူလိုင် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးငယ်များနှင့် လူငယ်များကို စီးပွားရေးအရ အမြတ်ထုတ်ခံရခြင်း၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်ရ ခြင်းတို့မှ ကင်းလွတ်၍ မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး အလေးထားဆောင်ရွက်ပေးရန်အတွက် သက်မွေးသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သက်မွေးပညာရပ် သင်ယူခွင့်ရတာကို ဂုဏ်ယူစရာ၊ မြတ်နိုးစရာ၊ တန်ဖိုးထားစရာဟု မှတ်ယူကြရန်လိုအပ်ပါကြောင်း၊ သက်မွေးပညာသည် နိုင်ငံတော်တိုးတက်ဖို့အတွက် အဓိကမောင်းနှင်အားဖြစ်ပြီး နိုင်ငံတော်မှ လည်းသက်မွေးပညာကဏ္ဍဖွံ့ ဖြိုးတိုးတက်စေရန် သက်မွေး ပညာသင်တန်းကျောင်းများကို အားပေးထောက်ပံ့လျက်ရှိပါကြောင်း၊ သင်တန်းသို့တက်ရောက်မည့် သင်တန်းသူများအနေဖြင့် ရှမ်းပြည်နယ် အစိုးရမှ ငွေကြေး အထောက်အပံ့ပေးပြီး အလုပ်အကိုင်အခွင့် အလမ်းဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ စီစဉ်ဆောင်ရွက်ပေးသော သက်မွေးသင်တန်းများကို စိတ်ဝင်တစား သင်ယူလေ့လာရန်နှင့် သင်ကြားပေးမည့် စာတွေ့/လက်တွေ့ သင်ခန်းစာများကို အစွမ်းကုန်ကြိုးစားလေ့လာကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နောင်တောင်း ပရဟိတတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာတော်ဦးရာဇိန္ဒသီရိ ကဩဝါတကထာ များမိန့်ကြားသည်။ ဆက်လက်၍ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးသောင်းက စားစရိတ်ထောက်ပံ့ငွေများကို ကျောင်းတာဝန်ခံ ကိုလည်းကောင်း၊ ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမြင့်က သင်တန်းသုံး အထောက်အကူပြုပစ္စည်းများကို သင်တန်းနည်းပြ ဆရာမများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။ အခြေခံစက်ချုပ်သင်တန်းကို ဇူလိုင်လ(၂၅) ရက်နေ့မှ ဩဂုတ်လ (၂၄)ရက်နေ့အထိ စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေမင်းထွန်း(ပအိုဝ်းဒေသ)