မိုင်းခုတ်မြို့၌ ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး

မိုင်းခုတ် ဇူလိုင် ၂၅    

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မအားလပ်သဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် အများပြည်သူများ  အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များလှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့နေ့လယ် ၁၁ နာရီက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက မီးသတ်ဦးစီးဌာနရုံးနှင့် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ ယခင်အပတ် ငှားရမ်းထားသော စာဖတ်ပရိသတ်များထံမှ စာအုပ်စာစောင်များအပ်နှံမှုကို လက်ခံကာစာအုပ်အသစ်များ ထပ်မံငှားရမ်းပေးခြင်းနှင့်  အသစ်ငှားရမ်းမည့် စာဖတ်ပရိသတ်များအား စာကြည့်တိုက်အသင်းဝင်အဖြစ် လက်ခံမှတ်တမ်းရေးသွင်းကာ စာအုပ်စာစောင်များ ထပ်မံငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား  နေစဉ်ကာလအတွင်း စာကြည့်တိုက်သို့မလာနိုင်သည့် စာဖတ်ပရိတ်သတ်များနှင့် ကလေးငယ်များအတွက်  ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များရိုက်ကူးကာ We Love Mong Khoke Facebook Page နှင့် မိုင်းခုတ်မြို့ပြည်သူ့စာကြည့်တိုက် Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် အပတ်စဉ်စာဖတ်ပရိသတ်များထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)