မိုးကုတ်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မိုးကုတ် ဇူလိုင် ၂၅

မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအသင်းအဖွဲ့တို့နှင့် ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကိုယမန်နေ့နေလယ် (၁)နာရီက မြို့နယ်ရုံး (Community Centre )ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူးဒေါ်နန်းခွာညိုနှင်းကကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေး ပြည်သူများသိရှိစေရန်နှင့် အသိပညာ ဗဟုသုတတိုးပွားစေရန်(Talk Show )ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ပြီး မြို့နယ်မိခင်နှင့်ကလေးအသင်းအဖွဲ့မှ ဒေါ်ဝင်းမာလာမှ ကလေးသူငယ်စောင့်ရှောက်ရေးအတွက် ခေါင်းပုံဖြတ်ခံရမှု၊ ဖိနှိပ်မရှိစေရေး၊ မတရားပြုကျင့်ခံရမှုမရှိစေရေး သက်ဆိုင်ရာ၊လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရပ်ကွက်/ကျေးရွာများစက်ရုံအလုပ်ရုံများတွင် အသိပညာပေး ဟော​​ပြောပွဲများ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့သည်။ 

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဇင်သွယ်ဦးမှ မြန်မာနိုင်ငံတွင် အသက်(၁၄)နှစ်အောက် ကလေးငယ်များအား မည်သည့်လုပ်ငန်းခွင်တွင်မှ လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုထားခြင်းမရှိကြောင်း၊ အသက်(၁၄)နှစ်နှင့် (၁၆)နှစ်ကြားရှိသူများကို လုပ်ငန်းဆောင်ရွက်ရန် သတ်မှတ်ထားပါကြောင်း၊ ကျန်းမာကြောင်းထောက်ခံချက်နှင့်သာ လုပ်ငန်းခွင်ဝင်ရောက်စေနိုင်ကြောင်း၊ အရွယ်မရောက်သေးသူများ အချိန်မတိုင်ခင် လုပ်ငန်းခွင်ဝင်ရောက်ရပါက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်လာနိုင်မှုများအပြင် ပညာရေးတွင်လည်း နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရမည် ဖြစ်ကြောင်းနှင့် ကလေးအလုပ်သမား ပပျောက်ရေးအတွက် ပြည်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ နံရံကပ်ဘုတ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို အများပြည်သူများ ကြည့်ရှုနိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းပြသပေးခဲ့ကြောင်း သိရသည်။

နန်းခွာညိုနှင်း( ပြန်/ဆက်)