ကျောက်ဆည် စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်ကျေးရွာစျေးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း များ စနစ်တကျတပ်ဆင်စေရေး ယနေ့နံက်(၈)နာရီက Mask Campaign ပြုလုပ်ပြီး ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ကော်မတီဒု-ဥက္ကဋ္ဌ ဒေါက်တာမိုးဟိန်းထွန်း နှင့် တပ်ဖွဲ့ဝင်များသည် သံရွာကြက်ခြေနီတပ်ခွဲ၊ တပ်ဖွဲ့ဝင်များ၊ သံရွာနယ်မြေစခန်းမှ ရဲတပ်ဖွဲ့ ဝင်များ၊ ဟံမြင့်မိုရ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စျေးတာဝန်ခံများ၊ ဟံမြင့်မိုရ်ကျေးရွာ မီးသတ် တပ်ဖွဲ့မှ သန္ဓေတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး စျေးရောင်း၊ စျေးဝယ် ပြည်သူများအား နှာခေါင်းစည်း (၃၀၀၀) ကို အခမဲ့ပေးဝေခဲ့ပြီး နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရေးနှင့် စနစ်တကျ စွန့်ပစ် စေရေး၊ လက်များစင်ကျယ်စွာ စနစ်တကျဆေးရေး၊ အတတ်နိုင်ဆုံး နေအိမ်ပြင်ပသို့ သွားလာခြင်းများ မပြုလုပ်ကြစေရန်နှင့် သွားလာပါက လူတစ်ဦးနှင့်တစ်ဦး(၆)ပေအကွာတွင် နေထိုင်သွားကြစေရေးနှင့် လက်အိပ်များ စွပ်ထားကြစေရေး စသည့် ကျန်းမာရေး အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ယခုကဲ့သို့ စျေးများတွင် နှာခေါင်းစည်များ အခမဲ့ပေးဝေခြင်း လုပ်ငန်းများအပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပိုစတာများအား ပြည်သူများ သိရှိလိုက်နာစေရေး လမ်းဆုံ၊ လမ်းခွများတွင် ကပ်ထားကြေညာပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
သက်မောင်(ကျောက်ဆည်)