တောင်ဥက္ကလာပ ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတ များကို အသုံးချ၍ တန်ဖိုးရှိသော လူမှု့ဘဝများဖြစ်လာစေရန်၊ ကျောင်းသား/ကျောင်းသူလေးများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၂)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင် စာရေးဆရာမောင်ယဉ်ဝေက စာရေးဆရာ သစ္စာနီရေးသားသော ကလေးတို့ဘဝကလေးတို့ ကမ္ဘာစာအုပ်အား ဆက်လက်ဖတ်ကြား ဆွေးနွေးခဲ့ရာ၊ မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ်ပရိသတ် ကျောင်းသား၊ ကျောင်းသူလေးများနှင့်အတူ ၎င်းစာအုပ်ပါ အကြောင်းအရာများကို စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)