ပေါက်တော ဇူလိုင် ၂၅
ရခိုင်ပြည်နယ် ပေါက်တောမြို့ (အထက) ကျောင်း၌ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီက အဆိုပါ ကျောင်းရှိ ရွှေဘန်းခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ Grade - 11 ကျောင်းသား ကျောင်းသူများက မြန်မာကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးကြပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံလှဝင်း တို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်ဇင်သန်းနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ရာ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများက အသီးသီး လက်ခံရယူကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက Grade - 10 တွင် ပါဝင်သည့် ဂီတသင်ခန်းစာမှ စည်းကမ်းသီချင်း ဖြင့်လည်းကောင်း၊ ငါရို့ရခိုင်သား သီချင်းဖြင့်လည်းကောင်း သီဆို ကပြဖျော်ဖြေပေးကြသည်။
ပေါက်တောမြို့ (အထက)ကျောင်း၌ ၂ဝ၂၂ နှစ်ခု တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား ကျောင်းသူ ၁၃၀ ဦးဝင်ရောက် ဖြေဆိုခဲ့ရာ ၆၄ ဦး အောင်မြင်သည့်အတွက် အောင်မြင်မှု ရာခိုင်နှုန်း ၄၉ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်း၊ (၅)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ (၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၅)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၂၆)ဦး စုစုပေါင်း ဂုဏ်ထူးရရှိ သူ ၃၅ ဦးရရှိခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စံလှဝင်း ထံမှ သိရှိရသည်။
ဝင်းမင်းစိုး (ပြန်/ဆက်)