သိန္နီမြို့နယ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် တစ်ထပ်ကျောင်းဆောင် ဆောက်လုပ်နေမှုအား တာဝန်ရှိ သူများ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

သိန္နီ ဇူလိုင် ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန္နီမြို့နယ်အတွင်းရှိ မိုင်းလီကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် တိုးချဲ့ဆောက်လုပ်လျက်ရှိသော ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအား မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးနှင့် တာဝန်ရှိသူများက ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ ကျောင်းဆောင်သစ်အား မြန်မာရောင်နီ (ရှမ်း) ကုမ္မဏီက တာဝန်ယူ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်တွင် ဆောက်လုပ်ခြင်းဖြစ်သည်။ ကျောင်းဆောင်သစ်ကို  ပြည်နယ်ရန်ပုံငွေ ကျပ် (၈၅.၀၅)သန်းဖြင့် (၉၀ပေ×၃၀ပေ) RC တစ်ထပ်ကျောင်းဆောင် အဆောက်အအုံ ဆောက်လုပ်နေ ခြင်းကို သိန္နီမြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေး၊ ဒုပညာရေးမှူး ဦးကျော်ဇေယျနှင့် တာဝန်ရှိသူများက သတ်မှတ်စံချိန်စံညွှန်းနှင့်ပြည့်မီရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးတို့ အတွက် သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်။ မိုင်းလီကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ယခင်ကနှစ်ထပ်ကျောင်းဆောင် တစ်ဆောင်သာရှိ၍ တိုးချဲ့ ကျောင်းဆောင် ဆောက်လုပ်ခြင်းဖြစ်သည်။ “ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် လိုအပ်သော ဘိလပ်မြေ၊ အုတ်၊ သံချောင်းများ စုဆောင်းဝယ်ယူခြင်း၊ မြေကျင်းများတူးခြင်းနှင့် သံဂဟေများဆက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်း၏ ၁၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း” မြန်မာရောင်နီ (ရှမ်း) ကုမ္ပဏီတာဝန်ခံထံမှ သိရသည်။

စောဥမ္မာ(သိန္နီ)