မန္တလေး စက်တင်ဘာ ၁၀
ချမ်းမြသာစည်မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ဆောင်ရွက်ဆဲကာလအတွင်း ပုံမှန်ကာကွယ်ဆေးထိုးခြင်း ဆေးတိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ဆောင်ရွက်ရာတွင် အသက် တစ်နှစ်ခွဲအထိ ကလေးငယ်များကို ဘီစီဂျီ အသဲရောင်အသားဝါ (ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော ရောဂါ၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ၊ ဦးနောက်အမြှေးရောင်၊ ဂျပန်ဦးနှောက်ရောင်၊ဝက်သက် ဂျိုက်သိုး၊ အမှီလိုက်ကာကွယ်ဆေး စသည့် ကာကွယ်ဆေးများ ကို ထိုးနှံပေးခြင်းအပြင် ကိုယ်ဝန်ဆောင်မိခင်များကို မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက် လုပ်ငန်းများကို ကိုဗစ် - ၁၉ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၄) ရပ်ကွက်မှ ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များ ကို စုရပ်များအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝေဖြိုးအောင်