ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလွှမ်းခြုံနိုင်ရေး Booster(CoviShield)အား  ဆက်လက်ထိုးနှံ

ရန်ကင်း ဇူလိုင် ၂၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယမန်နေ့နံနက် ၀၉:၀၀ နာရီက အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့်စေတီတော်ဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကိုဗစ်-၁၉ ရောဂါလွှမ်းခြုံနိုင်ရေး Booster(CoviShield)ကာကွယ်ဆေးကို ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကင်းမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာဦးစားပေးဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက အောက်စီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကိုဆောင်ရွက်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)