မချမ်းဘောမြို့နယ်တွင် ဒေသအစားအစာတစ်ခုဖြစ်သော နန်ကောရှီ(ခေါ်) တင်းကောသီးမှ စားသုံးဆီများထုတ်ယူရရှိ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ဒေသထွက်သီးနှံတစ်ခုဖြစ်သော နန်ကောရှီးခေါ်တင်းကောသီးမှ စားသုံးဆီများ တစ်ပိုင်တစ်နိုင် ထုတ်ယူလျက်ရှိသည်။ တင်းကောသီးသည် မချမ်းဘောမြို့နယ်အတွင်းရှိ တောတောင်ယာများတွင် သဘာဝအလျောက်ပေါက်ရောက်တတ်ပြီး အချို့ကလည်းတောင်ယာခြံစည်းရိုးများ၊ အိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးကြသော အပင်မှရရှိခြင်းဖြစ်ကာ ၄င်းအပင်သည် ထန်းပင်၊ပေပင်တို့နှင့် အလားသဏ္ဍာန်တူပြီး စတင်စိုက်ပျိုးချိန်မှ နှစ်ပေါင်း ၁၀ ကျော်ကာလသို့ ရောက်ရှိချိန်မှသာ အသီးများစတင်သီးလာပြီး နှစ်ရှည်သီးပင် အမျိုးအစားဖြစ်ကြောင်း သိရသည်။ တင်းကောသီးများသည် နိုဝင်ဘာလတွင် စတင်ရင့်မှည့်ပြီး အသီးများရင့်မှည့်လာချိန်တွင် အပြင်ဘက်ပိုင်းမှာ မင်းကွတ်သီးအရောင်နှင့်တူပြီး အတွင်းသားမှာ အဝါရောင်ဖြစ်လာကာ ဒေသခံများက ရေနွေးနှင့် အနည်းငယ်ပြုတ်၍ အတွင်းသားကိုခြစ်ကာ ငရုတ်သီးထောင်း၍ သော်လည်းကောင်း သရေစာအဖြစ်သော်လည်းကောင်း တစ်နေလှန်းပြီး ကောက်ညှင်းပေါင်းများဖြင့် နယ်၍လည်းကောင်းစားကြပြီး အရသာမှာ ဆိမ့်ကာဆီထွက်သော အစားအစာတစ်မျိုး လည်းဖြစ်ပါသည်။